...ဟာဂျူလီ(ကသာ)



သူငယ်ချင်း တာဝေးအပြေးသမား သန်းမြင့်ဆွေ..(ဟာဂျူလီ-ကသာ)

သူငယ်ချင်း တာဝေးအပြေးသမား သန်းမြင့်ဆွေ..(ဟာဂျူလီ-ကသာ)
*************************************
သန်းမြင့်ဆွေနဲ့ ကျွန်တော်နဲ့က အချစ်ဆုံးသူငယ်ချင်းတွေပါ၊ ကျွန်တော်တော်တို့ခေတ်က ကျောင်းသားပွဲတော်တွေသွားကစားတော့ သူက တာဝေးအပြေးသမား၊ကျွန်တော်က မြို့နယ် ဘောလုံးသမားပေါ့၊ တစ်ခါက သူနဲ့ကျွန်တော် ၀န်းသိုမှာ သွားကစားကြပါတယ်၊
ကျွန်တော်တို့ ဘောလုံးပွဲတွေကို သူက လိုက်အားပေးသလို သူပြိုင်ပွဲတွေမှာလည်း ကျွန်တော်တို့က လိုက်အားပေးပါတယ်၊တစ်ရက်မှာတော့ သူ မြို့ပတ်ပြေးပွဲ(တာဝေး)အပြေးပြိုင်မယ့် တာလွတ်ရာနေရာကို ကျွန်တော်တို့အားပေးဖို့ ရောက်သွားခဲ့ပါတယ်၊ကျွန်တော်တို့ လာတာမြင်တော့
တာစလွတ်မယ့် နေရာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ လဘက်ရည်ဆိုင်တစ်ဆိုင်ကို လက်ညိုးထိုးပြပြီးမင်းတို့ အဲဒီကနေစောင့်နေ၊ ငါတာလွတ်ပြီးတာနဲ့ မင်းတို့နဲ့ လဘက်ရည်ဆိုင်လာထိုင်လာမယ်၊လို့ပြောပါတယ်၊ ကျွန်တောတို့ကလည်း သူပြတဲ့ လဘက်ရည်ဆိုင်ထိုင်ကြရင်း
"ဒီကောင်က ပြိုင်ပွဲဝင်မယ်လည်း ပြောတယ်၊ငါတို့နဲ့ လဘက်ရည်ဆိုင်ထိုင်မယ်လည်းပြောတယ်၊ဘာလဲဟ "လို့ တွေးနေမိကြပါတယ်၊ မကြာခင်မှာ တာလွတ်ခရာမှုတ်သံကြားရပြီး သန်းမြင့်ဆွေ သန်းမြင့်ဆွေ လဘက်ရည်တစ်ခွက်လို့အော်ပြီး ကျွန်တော်တို့ ၀ိုင်းကိုလာထိုင်ပါတယ်၊
သူကိုယ်မှာတော့ ပြိုင်ပွဲဝင် အင်္ကျီဘောင်းဘီနဲ့ ဘိနပ်တွေနဲ့ပေါ့၊ ကျွန်တော်က ဟေ့ကောင်.မင်းက ဆက်မပြေးဘူးလား၊ သန်းမြင့်ဆွေက ငါအခုပြိုင်နေတဲ့သူတွေကို မြို့တစ်ပတ်အကြောပေးပြီး ပြိုင် မလို့၊နိုင်ပါတယ်ကွာ မင်းတို့ မပူပါနဲ့ဆိုပြီး အေးအေးဆေးဆေးပဲ လဘက်ရည်သောက်နေပါတယ်၊
အတော်လေးကြာတော့ အခြားအပြေးသမားတွေ မြို့တစ်ပတ်ပြေးခဲ့တာကို လဘက်ရည်ဆိုင်ထဲကနေမြင်ရပြီး တာ့တာ့ဆိုတဲ့ စနောက်သံနဲ့ သန်းမြင့်ဆွေ လဘက်ရည်ဆိုင်ထဲကနေ ထလိုက်ပြီးပြေးပါတော့တယ်၊ သန်းမြင့်ဆွေ ပြောသလိုပါပဲ၊ အပတ်စေ့လို့ထိပ်ဆုံးက ပန်းဝင်လာတဲ့သူဟာ
သန်းမြင့်ဆွေပဲ ဖြစ်နေပါတယ်၊ နောက်တော့ သူကိုအပြေးကောင်းလို့ဆိုပြီး တပ်ကြပ်ရာထူးပေးပြီးလေတပ်မတော်က ခေါ်ပါတယ်၊ ဒါပေမယ့် အဲဒီ ပါတီကောင်စီခေတ်က အားကစားဆိုတာကို ဆီးပျောက်မီးပျောက် နာမည်ခံရုံသာ အားပေးတာဆိုတော့ သူနဲ့ သူ့ဇနီးအပြေးမယ် စိုးစိုးရီတို့ဟာလည်း
စားဝတ်နေရေး ရေတိမ်အတော် နစ်ခဲ့ကြရပါတယ်၊ ကျွန်တော် အရင်က ရန်ကုန်ရောက်တိုင်း ဒီကောင်တွေအိမ်မှာပဲ တည်းတော့ သူတို့စားဝတ်နေရေးကို ကျွန်တော်သိနေပေမယ့် ကိုယ်ကလည်း ဘာမှ မကူညီနိုင်ခဲ့ပါဘူး၊ နောက်ပိုင်းကာလတွေမှာ သူနဲ့ကျွန်တော် အဆက်အသွယ်ပြတ်သွားခဲ့ပြီး
အခုဆီးဂိမ်းတွေ စခန်းသွင်းလေ့ကျင့်နေတော့ သန်းမြင့်ဆွေ နေပြည်တော်ကနေကျွန်တော်ဆီကို ဖုန်းဆက်ခဲ့ပါသေးတယ်၊သူ အပြေးနည်းပြအဖြစ် နေပြည်တော်မှာ ရောက်နေတဲ့အကြောင်း၊ ပြင်ဦးလွင်မှာလည်းမြန်မာ့လက်ရွေးစင်တွေကို စခန်းသွင်းလေ့ကျင့်ပေးခဲ့သေးကြောင်း
အားတက်သရော ပြောပါတယ်၊ ကျွန်တော်က မင်းတို့ စားဝတ်နေရေးရော အဆင်ပြေရဲ့လားသူငယ်ချင်းဆိုတော့ လေသံဖျော့ဖျော့နဲ့ ဒီလိုပါပဲ သူငယ်ချင်းရာ...တဲ့။(ဟာဂျူလီ-ကသာ)

Share on Facebook

by herjulekatha
View 343 times
Posted Date December 22, 2013, 7:18 am
Modified Date December 22, 2013, 7:18 am


Term and Conditions
Contact Us

© 2017 herjulekatha.com
All rights reserved