...ဟာဂျူလီ(ကသာ)



ပြည်သူတွေကို ကာကွယ်ပေးပါ

ပြည်သူတွေကို ကာကွယ်ပေးပါ
**********************
ပြီးခဲ့တဲ့ ၂၀၁၃ခုနှစ်ထဲ အမျိုးစောင့်ဥပဒေဆိုတာ သံဃာတော် တချို့ထံက စတင်ကြားခဲ့ရပြီး အခု ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလထဲမှာတော့ အစိုးရကိုယ်တိုင်ဆီက ဒီစကား ကြားရပါပြီ။သမတက ၂၀၁၄ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက် ရက်စွဲနဲ့ လွှတ်တော်ဆီပေးပို့တဲ့ အကြောင်းကြားစာထဲ အမျိုးဘာသာ သာသနာ စောင့်ရှောက်ဖို့ လိုအပ်တဲ့ ဥပဒေ ၄ခု ပြဌာန်းပေးဖို့ဖော်ပြပါရှိပြီး တရက်ပဲခြားတဲ့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်နာယက က ဥပဒေ ၄ခု ပြဌာန်းဖို့ ဥပဒေကြမ်း ၄ခု အစိုးရဌာနတွေက လုပ်ဆောင်ပေးပါဆိုပြီး အကြောင်းပြန်လိုက်ပါတယ်။ ဥပဒေတွေက ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတွေ ဖြစ်ပါတယ်။ဒီဥပဒေတွေပြဌာန်းပေးဖို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ နိုင်ငံတော်သြ၀ါဒစရိယ ဘဒန္ဒ တိလောကာဘိဝံသ လက်မှတ်ထိုး ပေးပို့ထားတာ ဖြစ်ပါတယ်။ထောက်ခံထားတဲ့ သံဃာတော်နဲ့ နိုင်ငံသား ၁သန်းကျော်ရဲ့ လက်မှတ်တွေလဲ တပါထဲ ပေးပို့ခဲ့တာလို့လဲ သိရပါတယ်။ထူးတာက လွှတ်တော်သက်တမ်း ၃နှစ်ကျော်ကာလအတွင်း သမတဆီက အခုလို ဥပဒေပြုဖို့ စာ မပို့ဖူးတာနဲ့ အမျိုးဘာသာ သာသနာအဖွဲ့က မနှစ် ၂၀၁၃ခု၊ ခုနှစ်လပိုင်းကထဲက သမတထံ တိုက်တွန်းစာ ပေးပို့ထားတာဖြစ်ပြီး သမတက အခုမှ လွှတ်တော်ဆီ စာရေးအကြောင်းကြားစာ ပို့လာတာတွေပဲ ဖြစ်ပါတယ်။သမတပြောခွင့်ရသူကတော့ ဒီဥပဒေတွေပြဌားန်းပေးဖို့ သမတက တိုက်တွန်းတာ မဟုတ်ပါဘူး၊ ပြဋ္ဌာန်းဖို့ သင့် မသင့် လွှတ်တော်ကိုယ်စားလှယ်တွေက စဉ်းစားသုံးသပ်ရမှာ ဖြစ်တယ်လို့ မဇ္ဈိမသတင်းစာကို ပြောတာ ဖတ်လိုက်ရပါတယ်။ အမျိုးဘာသာ သာသနာ ဆိုတဲ့ အသံ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတာ ရခိုင်ပဋိပက၊မိတီလာပဋိပကတွေ အပြီးမှာ ဖြစ်ပါတယ်။ဒီစကား ကျယ်ကျယ်လောင်လောင် ပြောလာသူတွေ ကြည့်လိုက်တော့ ကြည့်ရင်းကြည့်ရင်း အစွန်းရောက်ဇာတိမာန်တွေ တက်နေတာ သတိထားမိပါတယ်။ရခိုင်ပဋိပကတွေ မိတီလာပဋိပကတွေမှာ နောက်ကွယ်က ကြိုးကိုင်သူတွေ ပါနေသလိုပဲ ဒီအစွန်းရောက်တွေရဲ့ နောက်ကွယ်မှာလဲ ကြိုးကိုင်သူတွေ ပါနေတာ ရိပ်စားမိလာပါတယ်။တာဝန်ရှိတဲ့ အစိုးရအနေနဲ့ နောက်ကွယ်မှာ ကြိုးကိုင်နေသူတွေ ရှိတယ်ဆိုတာ ၀န်ခံ ပြောကြားထားပေမယ့် ဒီနေ့ထိ အဲ့ဒီ နောက်ကွယ်က ကြိုးကိုင်နေသူတွေကို မဖော်ထုတ် မဖမ်းဆီးနိုင်သေးပါဘူး၊အချိန်မရွေး ထပေါက်ကွဲနိုင်သေးတဲ့ အခြေအနေတွေ ရှိနေချိန်မှာ အဲ့ဒီ နောက်ကွယ်က ကြိုးကိုင်နေသူတွေကို ဖော်ထုတ်ဖမ်းဆီး အပြစ်ပေး အရေးယူဖို့ မလုပ်ဘဲ အမျိုးစောင့်ဥပဒေပြဌာန်းဖို့ လုပ်ဆောင်လာတာ ဘာသဘောလဲ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလထဲ အစိုးရနဲ့ လွှတ်တော် အချိတ်အဆက်မိမိ လုပ်ဆောင်ခဲ့တာ တခု ရှိပါတယ်။ပြည်ထောင်စုလွှတ်တော်က အစိုးရဌာန၊စစ်တပ်နဲ့ ကုန်မဏီသိမ်း လယ်မြေတွေ ၇လအတွင်း အပြီးအပြတ် ပြန်ပေးဖို့ အစိုးရဆီ တိုက်တွန်းလိုက်ချိန် တပြိုင်နက်ထဲမှာပဲ အစိုးရကလဲ လယ်မြေပြန်ပေးဖို့ စီမံခန့်ခွဲရေးကော်မတီရုံးတွေ ဖွင့်လှစ် လုပ်ဆောင်လာတာ ဖြစ်ပါတယ်။အခု အမျိုးစောင့်ဥပဒေကိစမှာလဲ အလားတူ တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးစောင့်ဥပဒေပြဌာန်းဖို့ကိစ လွှတ်တော်ထဲ ရောက်သွားပါပြီ။အဲ့ဒီလို လွှတ်တော်ထဲ ရောက်သွားချိန်မှာပဲ ဒီဥပဒေတွေြ့ပဌာန်းဖို့ မလိုသေးပါဘူး ဆိုတဲ့ ဝေဖန်ချက်တွေလဲ တပြိုင်ထဲ ထွက်ပေါ်လာပါတယ်။ဒီအချိန်မှာ ဒီဥပဒေတွေ ပွဲထုတ်လာတာ ဘာသဘောလဲဆိုတဲ့ စောကြောမှုတွေလဲ ရှိလာပါတယ်။အမျိုးစောင့်ဥပဒေ ဆိုတာထက် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို အရင် လုပ်ရမှာဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်တွေ၊တိုင်းပြည်မှာ ရှိပြီးသား ၁၉၅၄ ခုနှစ် မြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်း အထူးဥပဒေနဲ့ လုံလောက်တယ်ဆိုတဲ့ ဥပဒေစကားသံတွေ၊မလိုအပ်ပဲ ပြဌာန်းလိုက်ရင် လူ့အခွင့်အရေးချိုးဖောက်သလို ဖြစ်လိမ့်မယ်ဆိုတဲ့ ဝေဖန်ချက်တွေ တန်းစီ ထွက်ပေါ်လာပါတယ်။ရွှေည၀ါဆရာတော်ကဆို နိုင်ငံ့ခေါင်းဆောင်တွေ အမျိုးစောင့်ဥပဒေပြဌာန်းဖို့ လိုက်လျောလိုက်တာဟာ နိုင်ငံရေးအားသားမှုယူလိုက်တာ၊အဲ့ဒီအင်အားစုတွေကို မဲဆွယ်စည်းရုံးလိုက်တာလို့ကို မဇျိမသတင်းကို မိန့်ကြားလိုက်ပါတယ်။ လွှတ်တော်ထဲ အမျိုးစောင့်ဥပဒေ ရောက်မသွားခင် ရက်ပိုင်းအလိုမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဟံသာဝတီဦးဝင်းတင်နဲ့ မနလေး၊မစိုးရိမ်တိုက်သစ်က ဦးဝီရသူတို့ တွေ့ဆုံဆွေးနွေးကြတဲ့ ဗီဒီယိုဖိုင် အွန်လိုင်းပေါ် တက်လာလို့ ကြည့်လိုက်ရပါတယ်။ဦးဝင်းတင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ချွတ်ချော်မှုတွေရှိတယ်လို့ ယူဆထားပြီး ပျော့ပြောင်းတဲ့ နည်းလမ်းနဲ့ အတတ်နိုင်ဆုံး ပြည်သူတွေရဲ့ ဆန္ဒနဲ့ ပြင်ဆင်ဖို့ ကြိုးစားနေတဲ့ အကြောင်း ပြောပါတယ်။စကားအတိအကျတချို့ ပြန်ပြောပြရရင် " ပြင်မယ်ဆိုရင် ဘယ်လောက်ပြင်သင့်လဲ၊ ပြောင်းမယ်ဆိုရင် ဘယ်လောက်ပြောင်းမလဲ။ အဓိကကြတဲ့ အချက်ဖြစ်တဲ့ ၅၉ (စ) လိုဟာမျိုး၊ တပ်မတော်သားတွေ နိုင်ငံရေးဦးဆောင်မှုမှာ ရှေ့တန်းက ပါဝင်မယ်ဆိုတာမျိုး ဒီလိုအချက်တွေကြတဲ့အခါကြတော့ နည်းနည်းလေး ပြဿနာ ပေါ်လာတယ်။ ကွဲပြားမှုတွေက ကြီးလာတယ်။ အဲဒါလေးတွေ ရှိပါတယ်”။ဦးဝီရသူက “၅၉ (စ)အတွက် ပြင်ဆင်တာ လိုလားတယ်။ ဒကာမအတွက် ချွတ်ယွင်းချက်မရှိ ထောက်ခံတယ်။ ဒါပေမယ့် ၅၉ (စ)ကို အကြောင်းပြုပြီးတော့ တိုင်းရင်းသား မဟုတ်တဲ့ သူတွေက အထူးသဖြင့် ဗမာလူမျိုးတွေက ရိုးတယ်၊ အတယ်။ ဖျံကျတဲ့သူတွေ ဝင်လာမယ်ဆိုရင် ဦးဇင်းတို့ တိုင်းပြည်က ပြည်သူတွေဟာ ဖျံကျခံနိုင်ဖို့ အဆင်သင့် မရှိသေးဘူး။ ဖျံကျကို ကာကွယ်နိုင်မည့် ဥာဏ်ရည်မရှိသေးဘူး”လို့ ပြန်ဆွေးနွေးပါတယ်။အဲ့ဒါ အမျိုးဘာသာ သာသနာထိမ်းသိမ်းစောင့်ရှောက်ဖို့ လုပ်နေတဲ့ သံဃာတပါးရဲ့ နှုတ်ထွက်စကား စစ်စစ်တွေပါ။ အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဗဟိုအဖွဲ့ရဲ့ ဦးဆောင် သံဃာတပါးကလဲ တိုင်းပြည်ထဲ လူမျိုးရေး ဘာသာရေး ပဋိပကတွေ ဆက်ပြီး မဖြစ်ပွားစေချင်ရင် အမျိုးစောင့်ဥပဒေတွေ ပြဌာန်းပေးဖို့ လိုတယ်လို့ မိန့်ပါတယ်။အရင်စစ်အုပ်ချုပ်ရေးခေတ် လက်ကျန် အာဏာရှင်နံ့ မစင်သေးတဲ့သူတွေက ဇာတိရုပ် မဖျောက်နိုင်ဘဲ ကြီးနိုင်ငယ်ညှင်းသဘောမျိုးနဲ့ ခြိမ်းခြောက်လိုက် ဟိန်းဟောက်လိုက်၊အမျိုးဘာသာ သာသနာစောင့်ရှောက်လိုသူတွေက ပြည်သူကို နှိမ်လိုက် ခြိမ်းခြောက်လိုက်နဲ့ပေါ့ခင်ဗျာ။ရှေလျှောက်လဲ ဒီလိုပဲ အရှုတ်ထုပ်တွေ တထုပ်ပြီးတထုပ် လိုင်းတင်ပြီး ပြည်သူတွေ အကြောက်တရားလွှမ်းနေအောင် ဆက်လုပ်ကြအုန်းမယ့် အသွင်သဏာန်မျိုးစုံ တွေ့နေရပါတယ်။ မိဘပြည်သူတွေ ဒီလို ခြိမ်းခြောက် ဟိန်းဟောက်ခံ အနှိမ်ခံနေရတာတွေကို အကာအကွယ်ပေးဖို့ အစိုးရမှာပဲ လုံးလုံး တာဝန်ရှိပါတယ်။အခုလို ခြိမ်းခြောက်ဟိန်းဟောက်ပြီးရင် လက်ရဲဇက်ရဲနဲ့ လက်ရောက်စော်ကားမှုတွေ ဆက်လုပ်ကြပါလိမ့်အုန်းမယ်။ဖေဖော်ဝါရီ ၂၈ရက်ထုတ် ကြေးမုံသတင်းစာမျက်နှာဖုံးမှာ သမတဦးသိန်းစိန်က အဘွားအိုတဦးကို လက်အုပ်ချီ ဂါရ၀ပြုပြီး လေးလေးစားစား စကားပြောနေတဲ့ ဓာတ်ပုံတွေ့လိုက်ရပါတယ်။ပြည်သူတွေကို ရေဒီယိုက တလတခါ စကားပြောတိုင်းလဲ မိဘပြည်သူများခင်ဗျား လို့ ခေါ်ဝေါ်ပြီး စကားပြောလေ့ရှိတာလဲ သတိထားမိပါတယ်။မိဘပြည်သူတွေ အနှိမ်ခံအစော်ကားခံနေရတာ ဆက်ပြီး ကိုယ်ထိလက်ရောက် စော်ကားလာမှာတွေကို မိဘပြည်သူ အလေးထားတဲ့ သမတအစိုးရအဖွဲ့ အကာအကွယ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ (ကိုရွှေအောင်)

Share on Facebook

by herjulekatha
View 374 times
Posted Date March 5, 2014, 2:14 pm
Modified Date March 5, 2014, 2:14 pm


Term and Conditions
Contact Us

© 2017 herjulekatha.com
All rights reserved