...ဟာဂျူလီ(ကသာ)



(၃)ကျွန်တော် ကြုံဖူးခဲ့သော အာဏာရှင်ကြီး၏ မိသားစုတို့အကြောင်း...(ဟာဂျူလီ-ကသာ)

(၃)ကျွန်တော် ကြုံဖူးခဲ့သော အာဏာရှင်ကြီး၏ မိသားစုတို့အကြောင်း...(ဟာဂျူလီ-ကသာ)
******************************************
ကျွန်တော် ကြားဖူးခဲ့သော အာဏာရှင်ကြီး၏ မိသားစုတို့အကြောင်းရေးနေရာကနေ ဒီတစ်ပုဒ်ကိုတော့ ကျွန်တော် ကြုံဖူးခဲ့သော အာဏာရှင်ကြီး၏ မိသားစုတို့အကြောင်း.လို့ ခေါင်းစဉ်ပြောင်းရေးလိုက်ချင်ပါတယ်၊
ဘာဖြစ်လို့လဲဆိုတော့ အခုဖြစ်စဉ်ဟာ (၂၀၀၇)ခုနှစ်က ကိုယ်တိုင်ကြုံခဲ့တဲ့ ဖြစ်စဉ် ဖြစ်နေလို့ပါပဲ၊ဖြစ်ပုံက ဒီလိုပါ၊
တစ်ရက်က ရတနာပုံဈေးအပေါ်ဆုံးထပ်မှာရှိတဲ့ ကျွန်တော်ရဲ့ မီဒီယာရုံးခန်းထဲကို မန္တလေးက
ဗီဒီယို သရုပ်ဆောင်နဲ့ မော်ဒယ်ဖြစ်တဲ့ (မိုး-- )ရောက်လာပါတယ်၊သူက မော်ဒယ်ဖြစ်သလို မန္တလေးဆေးရုံကြီးမှာ အလုပ်သင်ဆင်းနေတဲ့ ဆရာဝန်လောင်းလည်း ဖြစ်ပါတယ်၊သူနဲ့အတူ
ကျွန်တော်နဲ့ အမျိုးလို ရင်းနှီးတဲ့ ဗီဒီယို သရုပ်ဆောင်နဲ့ မော်ဒယ် ကသာသူ မေပိုင်စိုးလည်း အတူပါလာပါတယ်၊တွေ့တွေကချင်းပဲ (မိုး...)က “ဦးဂျူရေ..၊သားတို့ကို တစ်ခု ကူညီပေးပါဦးဆိုပြီး”
အကျိုးအကြောင်ုးပြောပြပါတယ်၊လွန်ခဲ့တဲ့ (၃)ရက်လောက်က သူစီးလာတဲ့ ဆိုင်ကယ်နဲ့စက်ဘီးတစ်စီး တိုက်မိကြတယ်၊ဖြစ်ချင်တော့ အတိုက်ခံရသူက စက်မှုလယ်ယာက အရာရှိဖြစ်နေတယ်၊ ညှိ မရတော့
ယာဉ်ထိန်းက (မိုး--)ရဲ့ ဆိုင်ကယ်ကို သိမ်းသွားတယ်၊ အခုတော့ စက်မှုလယ်ယာက အရာရှိနဲ့ သူနဲ့ ပြေလှယ်မှုရသွားပြီ၊ အဲဒီလို ပြေလှယ်သွားတဲ့အတွက် နစ်နာကြေးငွေပေးမယ့်နေရာကို ကျွန်တော်မီဒီယာရုံးမှာ လုပ်ချင်တယ်၊
သက်သေလူကြီးအဖြစ် ကျွန်တော်ကပဲ လုပ်ပေးဖို့ အကူအညီတောင်းခံလာတာနဲ့ အဲဒီနေ့ညနေ(၄)နာရီလောက်မှာပဲ (၂)ဖက်စလုံး ခေါ်ပြီး ကတိစာချုပ်ကလေး လုပ်ပေးဖြစ်ပါတယ်၊ ပြီးတော့ စက်မှုလယ်ယာအရာရှိရဲ့ ကြေအေးကြောင်း
စာချုပ်ကလေးပေါ့၊ တစ်ဖက်က အတိုက်ခံရသူပြန်သွားတော့ (မိုး--)က“ ဦးဂျူ..တစ်ခုဆက်ကူညီပါဦး” ဆိုပြီး ယာဉ်ထိန်းက သိမ်းထားတဲ့ သူဆိုင်ကယ် ပြန်ရရေးအတွက် ပြောလာပြန်ပါတယ်၊
ကျွန်တော်ကလည်း ယာဉ်ထိန်းတပ်ဖွဲ့မှူးထံ (မိုး-)ဟာ ကျွန်တော်တူဖြစ်တဲ့အကြောင်း တစ်ဖက်ကလည်း အမှု မလုပ်တော့တဲ့အကြောင်းနဲ့ ဆိုင်ကယ်ပြန်ထုတ်ပေးဖို့ မေတ္တာရပ်ခံတဲ့ စာတစ်စောင် ရေးပေးလိုက်ပါတယ်၊(မိုး-)လည်း ချက်ချင်းပဲ
ယာဉ်ထိန်းရုံးကို သွားလိုက်ပါတယ်၊ (၁)နာရီလောက်ကြာတော့ (မိုး-)က ယာဉ်ထိန်းရုံးကနေ ကျွန်တော့်ဆီကို ဖုန်းဆက်ပါတယ်၊ ဆိုင်ကယ်ထုတ်လို့ မရတဲ့အကြောင်း၊ တိုက်ခံရသူက ကျေနပ်ပေမယ့် ယာဉ်ထိန်းတပ်ဖွဲ့က တရားစွဲလို့ရတဲ့အကြောင်းတွေ
ပြောပြီး ရစ်နေပါသတဲ့၊ကျွန်တော်ကလည်း မော်တော်ယာဉ်ဥပဒေကို ကျွန်တော် မသိတဲ့အကြောင်းနဲ့ ဥပဒေနဲ့ အညီဆောင်ရွက်တဲ့ကိစ္စတွေမှာ ကျွန်တော်တို့ မီဒီယာအနေနဲ့ ပါဝင်ပတ်သက် စွက်ဖက်လို့ မရတဲ့အကြောင်းပြောဖြစ်ပါတယ်၊
ဒီလိုနဲ့ နောက်(၂)ရက်လောက်ကြာတော့ (မိုး-)နဲ့ မေပိုင်စိုးတို့ ကျွန်တော့်ရုံးခန်းကို ရောက်လာပြန်ပါတယ်၊ ကျွန်တော်က ဆိုင်ကယ် ကိစ္စ ဘယ်လိုဖြစ်သွားပြီလဲ လို့မေးကြည့်တော့ (မိုး-)က ပြုံးဖြီးဖြီးနဲ့ ကျွန်တော် လက်နက်ကြီးနဲ့ ပစ်လိုက်တာ
ယာဉ်ထိန်းတပ်ဖွဲ့ တစ်ခုလုံး ပြိုဆင်းသွားတာပဲ လို့ဖြေပါတယ်၊ ကျွန်တော်လည်း မော်ဒယ်မင်းသားလေးရဲ့ စကားကို စိတ်ဝင်စားပြီး အကျိုးအကြောင်းမေးကြည့်တော့ (မိုး-)က ဒီလိုဖြေပါတယ်။
“ ဦးဂျူကို ကျွန်တော် မပြောပြဖူးတာလေးရှိတယ်၊ ကျွန်တော်က ကျောက်ဆည်သားပါ၊ ကျောက်ဆည်မြို့ ညောင်ခြောက်ပင်မှာနေခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အိမ်ချင်းကပ်ရက် ခြံဝန်းပဲခြားတဲ့ အိမ်နီးနားချင်းဖြစ်ပြီး ကျွန်တော်ဘကြီးနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့
ညီမနဲ့ ငယ်ဇာတ်လမ်းတွေ ရှိခဲ့ပါတယ်၊အဲဒီလိုရှိခဲ့ရာက ကျွန်တော်ဘကြီးရဲ့သားကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ညီမက မွေးစားတဲ့အနေနဲ့ (နေပြည်တော် မပြောင်းသေးပါ)ရန်ကုန်ကိုခေါ်ထားပါတယ်၊ပြီးတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ညီမက သူ့လက်မှတ်နဲ့ ထောက်ခံစာ
တစ်စောင် ထုတ်ပေးထားပါတယ်၊ ထောက်ခံစာဆိုပေမယ် တစ်ခမ်းတနားကြီးတော့ မဟုတ်ပါဘူး၊ လျှောက်လွှာစာရွက်ထိပ်မှာ “အမျိုးသာမှတ်ပုံတင်အမှတ် (------x ကိုင်ဆောင်သူ (ဒေါ်---- )ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ညီမအရင်းဖြစ်ကြောင်း ထောက်ခံပါသည် ဆိုပြီး
ရုံးတံဆိပ်ရိုက်ပြီး ဗိုလ်မှူးကြီးတစ်ယောက်က လက်မှတ်ထိုးထားတယ်၊ အဲဒီရဲ့ အောက်ခြေမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ညီမက ( သက်ဆိုင်ရာသို့ / ယခု စာပါလာသူအား ကျွန်မကဲ့သို့ ကူညီပေးပါရန် မေတ္တာရပ်ခံပါသည်)ဆိုပြီး သူ့လက်မှတ်နဲ့ မှတ်ပုံတင်နံပါတ်၊ ဖုန်း
နံပါတ်တွေ ရေးထားတယ်၊ ကျွန်တော့်ဘကြီးက အဲဒီထောက်ခံစာ ရထားတာကို ကျွန်တော်က သိထားပါတယ်၊ ဦးဂျူဆီလာတဲ့နေ့က ယာဉ်ထိန်းတပ်ဖွဲ့က အရာရှိက ပိတ်ပြီး ရစ်နေလို့ နောက်နေ့မှာ ကျောက်ဆည်ပြန်ပြီး ဘကြီးဆီ သွားပြောပြတော့ ဘကြီးက သူကိုယ်တိုင်
ယာဉ်ထိန်းရုံးကို လိုက်ခဲ့ပေးပါတယ်၊ ယာဉ်ထိန်းရုံးရောက်တော့ အမှုစစ်အရာရှိနဲ့တွေ့ပြီး တပ်ဖွဲ့မှူးဆီ ပို့ပေးဖို့ ပြောပါတယ်၊ တပ်ဖွဲ့မှူးဆီရောက်တော့ ကျွန်တော့်ဘကြီးက စာထုတ်မပြသေးဘဲ သူဟာ ကျောက်ဆည်မြို့ကဖြစ်ပြီး သူ့တူရဲ့ ဆိုက်ကယ်ကို ယာဉ်ထိန်းတပ်ဖွဲ့က
သိမ်းထားတဲ့အတွက် လာထုတ်တာဖြစ်တဲ့အကြောင်း ပြောပြပါတယ်၊ တပ်ဖွဲ့မှူးက မျက်နှာခပ်တင်းတင်းနဲ့ ယာဉ်တိုက်တဲ့နေရာကို လာတဲ့အခါ ကားငှားပြီး လာရတာဖြစ်လို့ ကားငှားခတွေ ကုန်ကျတဲ့အကြောင်းနဲ့ ခင်ဗျားတို့ချင်း ပြေလှယ်ပေမယ့် အဲဒီကုန်ကျတွေအတွက်
ထည့်စဉ်းစားရတဲ့အကြောင်း ငွေမြောင်း ဖေါက်လာပါတယ်၊ ကျွန်တော်ဘကြီးက ခင်ဗျားတို့ကို မော်တော်ယာဉ်တွေ နိုင်ငံတော်က မထုတ်ပေးဘူးလား လို့မေးတော့ တပ်ဖွဲ့မှူးက ထုတ်ပေးထားပေမယ့် ယာဉ်အစီးရေ နည်းနေတဲ့အတွက် ယာဉ်တွေ ပျက်တဲ့အကြောင်း
ယာဉ်ပြင်ဆင်စားရိတ်ကို မထုတ်ပေးတဲ့အတွက် ကိုယ့်ဖါသာကိုယ် ရံပုံငွေ ရှာပြင်နေရတဲ့အကြောင်း ငွေစကားတွေ လွတ်ချပြန်ပါတယ်၊ ကျွန်တော်ဘကြီးက ပြုံးပြီး ယာဉ်ပြင်စားရိတ်တွေ မော်တော်ယာဉ် ထပ်တိုးပေးဖို့တွေ အထက်ကို စာမတင်ဘူးလားဆိုတော့ တပ်ဖွဲ့မှူးမျက်နှာကြော
နည်းနည်း ပြေလျော့သွားပြီး တင်ပါတယ်ဗျာ၊ဒါပေမယ့် မချပေးဘူး လို့ပြောပါတယ်၊ တပ်ဖွဲ့မှူးမျက်နှာက ကျွန်တော့်ဘကြီးကို ဒီလူ တစ်ခုခုတော့ ထူးခြားနေပြီလို့ ထင်နေတဲ့ ပုံတွေ ရပါတယ်၊ ကျွန်တော်ဘကြီးက ခင်ဗျားတို့ မော်တော်ယာဉ်တွေ ဒီလောက်ခက်ခဲနေရင်လည်း
တပ်ချုပ်ကြီး(ဗိုလ်ချုပ်မှူးကြီးသန်းရွှေ)ဆီ စာရေးထားလိုက်ပါ၊ကျွန်တော် သူ့လက်ထဲ ရောက်အောင် ထည့်ပေးလိုက်ပါမယ်လို့ ပြောလိုက်တော့ တပ်ဖွဲ့မှူးမျက်နှာပျက်သွားပြီး ခင်ဗျားက တပ်ချုပ်ကြီးကို သိလို့လားလို့ မေးပါတယ်၊ ကျွန်တော်ဘကြီးက ပြုံးပြီး သူ့အိပ်ထဲက
ထောက်ခံစာကိုလည်း ထုတ်ပြလိုက်ရော တပ်ဖွဲ့မှူးမျက်နှာ ချက်ချင်း အချိုးတွေ ပြောင်းကုန်တော့တာပဲ၊ အရာရှိတစ်ယောက်ကို ခေါ်ပြီး ကော်ဖီနဲ့ မုန့်တွေ လာချခိုင်းပြီး ကျွန်တော်တို့ကို တိုက်ပါတယ်၊ပြီးတော့ သူ့အနေနဲ့ မော်တော်ယာဉ်လုံလောက်မှုမရှိတာကို သူ့နည်းသူ့ဟန်နဲ့
ဖြေရှင်းလို့ရပါကြောင်း ဒီလို ဘာမဟုတ်တဲ့ကိစ္စနဲ့ နိုင်ငံအကြီးအကဲတွေ ခေါင်းခြောက်ခံဖို့ မလိုကြောင်းတွေ ပြောပြပါတယ်၊ ဆိုင်ကယ်သိမ်းထားတဲ့ ယာဉ်ထိန်းအရာရှိကိုလည်း ခေါ်ပြီး သိမ်းထားတဲ့ ဆိုက်ကယ်ကို ဆီအပြည့်ဖြည့်ပြီး ပြန်ပေးလိုက်ဖို့ အမိန့်ပေးပါတယ်၊
ဒီလိုနဲ့ ကျွန်တော်တို့ တပ်ဖွဲ့မှူးအခန်းကလည်းထွက်လာရော ကျွန်တော်ဆိုင်ကယ်က အပေါက်ဝကို လှည့်ထားပေးပြီး ဖုံတွေပါ သုတ်ပေးထားလိုက်သေးတယ် ဦးဂျူရဲ့” လို့ ဖြေပါတယ်၊ (မိုး-)ရဲ့ စကားကိုကြားတော့ ကျွန်တော် သက်ပြင်းရှည်လေးချပြီး တစ်စုံတစ်ခုကို
တွေးဖြစ်နေမိပါတော့တယ်၊ ၀န်ထမ်းတွေ ဘာကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဖိန့်ဖိန့်တုန်အောင်ကြောက်ကြတာတဲ့လဲ?၊ အဖြေကတော့ ဥပဒေမရှိတဲ့ အာဏာရှင်ကြီး ဖြစ်နေလို့ပါပဲ၊ အာဏာရှင်ဆိုတာမျိုးက စိတ်မထင်တာနဲ့ တပြိုင်နက်တည်း ၀န်ထမ်းတစ်ယောက်ကို
အလုပ်ဖြုတ် ထောင်ချလို့ ရနေတဲ့ ခေတ်ဆိုတော့ ယာဉ်ထိန်းတပ်မှူးလည်း ကြောက်နေရှာတော့ မပေါ့၊ သူမကြောက်လို့လည်း မဖြစ်ဘူးလေ၊ သူ့ထက် အဆင့် များစွာမြင့်တဲ့ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်လို လူကိုတောင် စိတ်တိုင်းမကျလိုက်တာနဲ့..
........မြောင်းကြားထဲ ဖေါင်းကနဲနေအောင် ကန်ချပစ်ခဲ့တဲ့ ရာဇ၀င်က ရှိနေပြီးသားကိုးဗျ။(ဟာဂျူလီ-ကသာ)

Share on Facebook

by herjulekatha
View 455 times
Posted Date March 14, 2014, 12:28 am
Modified Date March 14, 2014, 12:28 am


Term and Conditions
Contact Us

© 2017 herjulekatha.com
All rights reserved