...ဟာဂျူလီ(ကသာ)



ပြည်ထာင်စုဝန်ကြီးဆရာဦးဖေမြင့်သို့ ဟာဂျူလီ-ကသာ၏ ပေးစာ....(ဟာဂျူလီ-ကသာ)

ပြည်ထာင်စုဝန်ကြီးဆရာဦးဖေမြင့်သို့ ဟာဂျူလီ-ကသာ၏ ပေးစာ....(ဟာဂျူလီ-ကသာ)
*********************
ဆရာဦးဖေမြင့်ခင်ဗျား....
ဘယ်အစိုးရကို ဘာတစ်ခုမှမတောင်းဆိုဖူးခဲ့တဲ့ ကျွန်တော်အနေနဲ့ ဆရာ့ဆီယုံကြည်စွာနဲ့ တစ်စုံတစ်ခု တောင်းဆိုချင်ပါတယ်၊ ကျွန်တော်တောင်းခံမှုကို အတတ်နိုင်ဆုံးလည်း လိုက်ရောပေးဖို့ တောင်းဆိုချင်ပါတယ်၊
ကျွန်တော် တောင်းဆိုချင်တာက ကလေးတွေအတွက် စာကြည့်တိုက်တွေကိုပါ၊ ဒီတောင်းဆိုချက်ကိုဖတ်ပြီး ၀န်ကြီးအနေနဲ့ ရယ်မောကောင်း ရယ်မောပါလိမ့်မယ်၊ ဟုတ်ကဲ့ ၀န်ကြီးရဲ့ ရယ်ချင်စိတ်ကို ကျွန်တော်အပြစ် မတင်ရက်ပါဘူး၊
အခုပြန်ကြားရေးဝန်ကြီးအနေနဲ့သာမက ခေတ်အဆက်ဆက်သော ပြန်ကြားရေးဝန်ကြီးမှန်သမျှဟာ စာကြည့်တိုက်တွေကို သူ့ထက်ငါ အပြိုင်ကြဲပြီးဖွင့်လှစ်ခဲ့ကြရုံမက E libraryအဆင့်တောင် ဖွင့်နိုင်ခဲ့တာဆိုတော့ ကျွန်တော်တောင်းဆိုချက်ဟာ
အပေါ်ယံအားဖြင့်တော့ ရယ်ချင်စရာပါ၊သို့သော် အဲဒီရယ်မောလှောင်ပြောင်ချင်တဲ့စိတ်ကို ခဏထားပြီး ကျွန်တော့်စာလေးကို ပြီးဆုံးအောင် ဖတ်ပေးပါဦးလို့တောင်းဆိုလိုက်ပါရစေခင်ဗျာ..။
ကျွန်တော်အနေနဲ့ ပြန်ကြားရေးခေတ်အဆက်ဆက်စာကြည့်တိုက်ပေါင်းများစွာ ဖွင့်ခဲ့ကြသလို အချို့စာကြည့်တိုက်တွေမှာ ကလေးသူငယ်များအတွက်ပါရည်ရွယ်ပြီး ကလေးစာအုပ်တွေ(ရုပ်ပြ၊ ပုံပြင်စာအုပ် နဲ့ ကလေးစိတ်ဝင်စားဖွယ်တွေ)
ထားရှိပေးတာကို သတိပြုမိပါတယ်၊ သို့သော် ကျွန်တော့်အမြင်အရတော့ ခေတ်အဆက်ဆက်ရော အခုလက်ရှိပြန်ကြားရေးဝန်ကြီးတို့ဖွင့်နေကြတဲ့ ကလေး လူကြီးစာကြည့်တိုက်တွေဟာ FOR SHOW လို့ခေါ်တဲ့ ဟန်ပြတွေလို့ပဲ ကျွန်တော်စွတ်စွဲလိုက်ချင်ပါတယ်ခင်ဗျာ၊
ဘာဖြစ်လို့ဒီလိုစွတ်စွဲရတာလဲ ဆိုတော့ ဖွင့်ခဲ့တဲ့ စာကြည့်တိုက်မှန်သမျှဟာ အောင်မြင်မှု မရှိကြလို့ပါပဲ၊ ပြောရရင် စာကြည့်တိုက်တွေလို့ ပြန်ကြားရေးကခေါင်းစဉ်တပ်ခေါ်ဝေါ်ခဲ့ပေမယ့် အဲ့ဒီစာကြည့်တိုက်တွေဟာ နှစ်အနည်းငယ်အတွင်း “စာအုပ်ပြတိုက်”ဘ၀ကို
ရောက်ကုန်ကြလေ့ရှိတယ်ဆိုတာ မညာတမ်းလေ့လာရင် ရှင်းရှင်းလင်းလင်း တွေ့ကြရမှာ ဖြစ်ပါတယ်၊အဲဒီ စာကြည့်တိုက်တွေ ဘာကြောင့် စာပြတိုက်ဖြစ်ကုန်သလဲဆိုတော့ ပြန်ကြားရေးရဲ့ ဦးတည်ချက်လွဲနေလို့ပဲဖြစ်ပါတယ်၊ ၀န်ကြီးတို့ရဲ့ စာကြည့်တိုက်ဖွင့်ခြင်း ဦးတည်ချက်က
မြန်မာနိုင်ငံသားတွေ စာဖတ်ကြဖို့ဖြစ်ပေမယ့် စာကြည့်တိုက်တွေမှာ လူမရှိတာကိုကြည့်ခြင်းဖြင့် ဦးတည်ချက်မအောင်မြင်ဘူးဆိုတာ ထင်ရှားလှပါတယ် ၊အဲဒီလိုဆိုရင် ဘာကြောင့် မအောင်မြင်ရလဲဆိုတဲ့ ဆန်းစစ်ချက်ကလေး ပြန်ထုတ်ကြည့်ကြဖို့ လိုပါလိမ့်မယ်၊
ဆန်းစစ်တဲ့နေရာမှာ စားဝတ်နေရေးကြောင့်စာမဖတ်နိုင်ကြတာတို့ စာဖတ်ပျင်းတာတို့ ဆိုတဲ့ ပုံမှန်အကြောင်းအရာတွေကို ဖေါက်တွေးကြဖို့လိုနေပါပြီဆရာ..၊ ကျွန်တော်အနေနဲ့ကတော့ စာကြည့်တိုက်တွေ မအောင်မြင်ရခြင်းဟာ “ချင်စိတ်”ကို မသွင်းနိုင်လို့ လို့မြင်မိပါတယ်ဆရာ၊
“ချင်စိတ်” ဆိုတာကို ဆရာလည်း ပညာရှင်တစ်ယောက်ဆိုတော့ သိမှာပါဆရာ၊ ဥပမာပေါ့ဆရာရယ်၊ အရက်သောက်“ချင်စိတ်”ဆိုတာ စွဲမိပြီဆိုတာနဲ့ အိမ်အတွက် စားဝတ်နေရေးတို့ အားတာ မအားတာတို့ကို ထည့်မစဉ်းစားနိုင်တော့သလိုမျိုးပေါ့၊ ပြောချင်တာက လူတစ်ယောက်ရဲ့
စိတ်ထဲမှာ “စာဖတ်” “ချင်စိတ်”ရောက်ဖို့ ဆရာတို့အနေနဲ့ အရင်ဆုံး လုပ်သင့်ပါတယ်ဆရာ၊ “စာဖတ်” “ချင်စိတ်”ရှိသွားပြီးရင် “စာဖတ်စွဲ”ဖို့ဆိုတဲ့ နောက်တစ်လှမ်းဟာ မခက်တော့ပါဘူး၊ “စာဖတ်စွဲပြီ”ဆိုတာနဲ့ ဆရာတို့စာကြည့်တိုက်ဖွင့်ဖွင့် မဖွင့်ဖွင့် အဓိက မဟုတ်တော့ပါဘူးဆရာ၊
ဘိန်းစားများ ဘိန်းစွဲသလို စာအုပ်ရှိရာကို မရရအောင် သွားရှာဖတ်တော့မှာပါဆရာ၊
အဲဒီလ မြန်မာနိုင်ငံသားတွေ စာများများဖတ်ကြစေဖို့ ပထမခြေလှမ်းဖြစ်တဲ့ “စာဖတ်” “ ချင်စိတ်”သွင်းဖို့ဆိုရာမှာလည်း ကြီးတောင်ကြီးမတွေကိုသွင်းပေးတာထက် ကလေးသူငယ်တွေကို သွင်းပေးတာက ပိုလွယ်ပါတယ်ဆရာ၊ အဲဒါကြောင့် ကျွန်တော့်အနေနဲ့
ကလေးတွေကို စာဖတ်ချင်စိတ် စသွင်းပေးမယ့် “စာကြည့်တိုက်မျိုး” ဖွင့်ပေးဖို့ ဆရာ့ကို တောင်းဆိုလိုက်ရခြင်း ဖြစ်ပါတယ်ဆရာ၊ ကျွန်တော် တောင့်တနေတဲ့ ကလေးစာကြည့်တိုက်မျိုးဟာ နိုင်ငံတော်အဆင့်ကလွဲပြီး တော်ရုံအဖွဲ့အစည်းတွေအနေနဲ့ တည်ထောင်ဖို့
မလွယ်ပါဘူး၊ဒါကြောင့်လည်း ကျွန်တော်ဖြစ်စေချင်တဲ့ ကလေးစာကြည့်တိုက်မျိုး ကမ္ဘာမှာတောင် သိပ် မရှိသေးပါဘူဆရာ၊
ကလေးစာကြည့်တိုက်ကို ထူထောင်ရင် ကလေးတွေကို “စာဖတ်” “ချင်စိတ်” အရင်မသွင်းပဲ စာကြည့်တိုက်ကို “လာ” “ချင်”တဲ့စိတ် အရင်သွင်းပေးရပါမယ်ဆရာ၊ စာကြည့်တိုက်ကို “လာ” “ချင်”တဲ့စိတ် သွင်းမယ်ဆိုရင် စာကြည့်တိုက်အဆောက်အဦးရှိတဲ့ စာကြည့်တိုက်ဝင်းကျယ်ကျယ်မှာ
ကလေးတွေစိတ်ဝင်စားမယ့် ကစားနည်းတွေ လုပ်ပေးထားရပါမယ်၊ ကလေးတွေစိတ်ဝင်စားမယ့် ကစားနည်းဆိုတာမှာလည်း မိုးပျံရထားတို့ ရေလွှာလျှောစီးတို့လောက်ကြီးကို မဆိုလိုပါဘူး၊ ပန်းခြံတွေမှာထားလေ့ရှိတဲ့ အခမဲ့ကစားနည်းဖြစ်တဲ့ စီးလျှောတွေ ကလေးတွေစီးလို့ရတဲ့
ဆင်ရုပ်မြင်းရုပ်ကျားရုပ် မိကျောင်းရုပ် အရုပ်စုံတွေ၊ ကလေးသူငယ်များအတွက် ကိုယ်ကာယဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုမယ့် ကစားစရာတွေ မျက်ခင်းလွင်ပြင် စိမ်းစိုစိုတွေ စီမံပေးထားသင့်ပါတယ်၊အဲဒါက စာကြည့်တိုက်အဆောက်အဦးရှိတဲ့ စာကြည့်တိုက်ဝင်းထဲကို ကလေးတွေ
“လာ”“ချင်စိတ်”ကို ဖြစ်စေမှာပါ၊ အဲဒီလိုနည်းနဲ့ စာကြည့်တိုက်ဝင်းထဲကို ကလေးတွေ “လာ”“ချင်စိတ်”ဖြစ်လို့ လာကြပြီဆိုတာနဲ့ ဒုတိယအဆင့်ဖြစ်တဲ့ စာကြည့်တိုက်ဝင်းထဲမှာ ဆောက်ထားတဲ့ စာကြည့်တိုက်အဆောက်အဦးထဲကို “၀င်”“ချင်စိတ်” ထပ်သွင်းရမှာ ဖြစ်ပါတယ်၊
စာကြည့်တိုက်အဆောက်အဦးထဲကို “၀င်”“ချင်စိတ်” သွင်းဖို့ဆိုတာကလည်း စာကြည့်တိုက်အဆောက်အဦးထဲမှာ အလှူရှင်တွေရဲ့( မရှိရင် နိုင်ငံတော်ငွေနဲ့)အကျွေးအမွေးတွေ ကလေးကာတွန်းရုပ်ရှင်တွေ မျက်လှည့်တွေ ပုံပြောတာတွေ ပန်းချီဆွဲပြတာတွေနဲ့ ဆွဲခေါ်ကြသင့်ပါတယ်၊
စာကြည့်တိုက်အဆောက်အဦးထဲကို “၀င်”“ချင်စိတ်” တွေကနေ စာကြည့်တိုက်အဆောက်အဦးထဲကို လာချင်စိတ်တွေ စွဲပြီဆိုတော့မှ ကလေးတွေကို “စာဖတ်” “ချင်စိတ်” သွင်းပေးသင့်ပါတယ်၊ အဲဒီလို “စာဖတ်” “ချင်စိတ်” ရောက်ဖို့ရာမှာလည်း
ကလေးတွေကို ပြထားတဲ့ မျက်လှည့်ပြနည်းစာအုပ်တွေ ပုံပြ ပုံပြောနည်းစာအုပ်တွေ ကလေးပန်းချီဆွဲနည်းစာအုပ်တွေ စာနည်းနည်းအရုပ်များများကာတွန်းစာအုပ်တွေနဲ့ ဆွဲခေါ်ကြရမှာပါ၊အဲဒီကနေ အသက်အရွယ်အလိုက် ဖတ်နိုင်တဲ့ စာအုပ်တွေထားပေးခြင်းဖြင့်
“ချင်စိတ်”တွေ သွင်းပြီးသား ဖြစ်သွားကြမှာပါဆရာ၊“ချင်စိတ်”ကနေ “စွဲစိတ်”ဖြစ်ပြီဆိုတာနဲ့ ဆရာတို့ ဦးတည်နေတဲ့ “မြန်မာနိုင်ငံသားတွေ စာဖတ်ကြရေး”ဟာ အောင်မြင်ပြီလို့ ဆိုရတော့မှာပါဆရာ၊ ကျွန်တော်ရေးပြတဲ့ စီမံချက်ဟာ “ခက်ခဲတယ်၊ရေရှည်ဖြစ်နေတယ်၊
ငွေအကုန်အကျများတယ်” ဆိုတာတွေနဲ့ အကြောင်းပြပြီး ကျွန်တော့်တောင်းဆိုချက်ကို မငြင်းပယ်စေချင်ပါဘူးဆရာ၊ ကျွန်တော်ရေးပြတဲ့ စီမံချက်ဟာ ဆရာတို့ ထူထောင်နေကြ ရိုးရိုးစာကြည့်တိုက်ထက် ခက်ခဲတာ သေချာပေမယ့် ရေရှည်မှာ အောင်မြင်နိုင်ပါတယ်ဆရာ၊
ငွေကုန်ကြေးကျတွေ များမယ်ဆိုတာကလည်း နိုင်ငံအနှံ့ အရင်စစ်အစိုးရတွေ ၀ါဒဖြန့်ဖို့ ဖွဲ့ပေးထားတဲ့ ပြန်/ဆက်တွေအတွက် အကျိုးမရှိ ကုန်နေတဲ့ ငွေတွေကို ပြန်ချိုးချံပြီး ၁၀မြို့ ၁၅မြို့လောက်မှာ “ကလေးစာကြည့်တိုက်”တွေ ထူထောင်ကြည့်စေချင်ပါတယ်ဆရာ၊
ထူထောင်ရာမှာလည်း ကျွန်တော်ရေးပြခဲ့တဲ့အတိုင်း “၏” “သည်” မလွဲ လုပ်ဖို့ မလိုပါဘူးခင်ဗျာ၊ဆရာတို့မှာ ကျွန်တော်ထက် သိမြင်နိုင်စွမ်းရှိပြီးဖြစ်လို့ ( နွားကျောင်းသားအဆင့်လောက်ရှိတဲ့ ကျွန်တော်အတွေးကိုချဲ့ပြီး) ကျွန်တော်ရေးထားတာတွေထက် ပိုလုပ်နိုင်ကြမှာပာဆရာ၊
အဲဒါကြောင့် ဆရာတို့လုပ်နေတဲ့ ရက်၁၀၀စီမံချက်ထဲမှာ ရိုးရိုးစာကြည့်တိုက်တွေနေရာမှာ ကျွန်တော်အကြံပြုတဲ့ “ကလေးစာကြည့်တိုက်”တစ်တိုက်လောက်ဖြစ်ဖြစ် ဖွင့်ပေးကြဖို့ တောင်းဆိုလိုက်ပါစေခင်ဗျာ...။
NLDအစိုးရကို ဖေါက်ထွက် အောင်မြင်စေချင်တဲ့ (ဟာဂျူလီ-ကသာ)

Share on Facebook

by herjulekatha
View 125 times
Posted Date June 2, 2016, 12:02 pm
Modified Date June 2, 2016, 12:02 pm


Term and Conditions
Contact Us

© 2017 herjulekatha.com
All rights reserved