...ဟာဂျူလီ(ကသာ)



သမ္မတကြီးဦးသိန်းစိန်၏ အလွဲများ....(ဟာဂျူလီ-ကသာ)

သမ္မတကြီးဦးသိန်းစိန်၏ အလွဲများ....(ဟာဂျူလီ-ကသာ)
(ဒီသတင်းက facebook ပေါ်မှာ ၂၅-၈-၂၀၁၄ မှာတက်လာတဲ့သတင်းပါ။ ကျွန်တော်
တို့ ကသာခရိုင်နဲ့ လုံးဝပတ်သက်နေတဲ့သတင်းဖြစ်ပါတယ်။ အရေးကြီးတယ်လို့
ထင်လို့ တင်လိုက်တာပါ။ ကျွန်တော့်အယူအဆအရ ဒီသတင်းကို တင်ဖြစ်ခြင်းဟာ
သမ္မတ ဦးသိန်းစိန်ရဲ့ အခန်းကဏ္ဍထက် ဂရိတ်ဝေါ ဦးတင်မောင်ရဲ့ အခန်းခဏ္ဍကို
ကျွန်တော်တို့ အင်းတော်သားများ သိစေချင်ပါတယ်။ လောလောဆယ်မှာ ဒီလိုခရိုနီ
တစ်ယောက်ရဲ့ စီးပွားရေးတွေ ကျွန်တော်တို့မြို့နယ်မှာ မရှိသေးလို့ မခံစားရသေးပေမဲ့
နောက်နောင်များရောက်လာခဲ့ရင် စီးပွားရေးဗိုလ်ကျမှုများကို သတိရှိရှိနဲ့ နိုးကြား
နေစေချင်ဆန္ဒနဲ့ပါ ။ အသိအမြင်များ တိုးတက်နိုင်ပါစေ (အင်းတော်သတင်း)
အောက်မှာ သတင်းကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

သမ္မတကြီးဦးသိန်းစိန်၏ အလွဲများ....(ဟာဂျူလီ-ကသာ)
သမ္မတကြီးဦးသိန်းစိန်အပေါ်မှာ လူထုတွေ အရင်ထက်ပိုပိုပြီး အယုံအကြည် မဲ့လာတာကို သတိပြုမိကြမယ်ထင်ပါတယ်၊ နိုင်ငံရေးနှံ့စပ်သူတွေအနေနဲ့ ဦးသိန်းစိန်အပေါ် ဘာကြောင့်
အယုံအကြည် မဲ့လာတယ်ဆိုတာ မပြောခင် ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီးကအခြေခံလူတန်းစားတွေ ဘာကြောင့် ဦသိန်းစိန်ကိုအယုံအကြည်ကင်းမဲ့သွားတယ် ဆိုတာလေး အရင် ထောက်ပြချင်ပါတယ်၊
ပထမဆုံး ထောက်ပြချင်တာက ဂရိတ်ဝေါဦးတင်မောင်ကို မြန်မာ့အမျိုးသားအကျိုးစီးပွား စွမ်းဆောင်ရှင်ဆု ပေးလိုက်တာက အစပြုလာတာပါ၊ ဒီနေရာမှာ သမ္မတကြီးကို ကာကွယ်လိုသူတွေ၊ အကြံပေးတွေကတော့
ဆိုကောင်း ဆိုကြပါလိမ့်မယ်၊ စွမ်းဆောင်ရှင်ဆုတွေကို အခြေခံ တိုင်းတွေ ပြည်နယ်တွေက တင်လိုက်လို့ ပေးဖြစ်လိုက်တာပါလို့၊ ဘယ်သူက ပေးပေး တာဝန်အရှိဆုံးလူဟာ သမ္မတကြီးမှာ တာဝန်အရှိဆုံးပါ၊
ဘာဖြစ်လို့လည်းဆိုတော့ ဆုတွေရဲ့ ရှေ့မှာကို နိုင်ငံတော်သမ္မတကြီး......ဆိုတာပါနေလို့ပါပဲ၊ ကဲ ဒီနေရာမှာ ဦးတင်မောင်အကြောင်း နည်းနည်းတော့ ပြောရပါလိမ့်မယ်၊
ဦးတင်မောင်ဟာ တရုတ်နိုင်ငံသားဖြစ်ပြီး မြန်မာမှတ်ပုံတင်ကိုင်ထားတဲ့အကြောင်း တသီးပုဂ္ဂလဦးစိန်လှက သူ့ရဲ့ ဆန္ဒပြရန် ခွင့်တောင်းတဲ့စာမှာ ဖေါ်ပြခဲ့ဖူးပါတယ်၊ သက်ဆိုင်ရာတွေက ဦးတင်မောင်ဟာ
တရုတ်နိုင်ငံသား မဟုတ်တဲ့အကြောင်း ကိုးကန့်လူမျိုးဖြစ်ပြီး တိုင်းရင်သား မှတ်ပုံတင် ကိုင်ထားတာသာဖြစ်တဲ့အကြောင်း ဦးစိန်လှကို စာပြန်ကြားခဲ့ပါတယ်၊ တကယ်တမ်း ဦးတင်မောင်ဟာ ဘယ်နိုင်ငံသားလို့
မပြောနိုင်ပေမယ့် သရော သူ့မိသားတွေဟာ တရုတ်နိုင်ငံကို ဥဒဟို သွားလာနေပြီး သားသမီးတွေကို တရုတ်နိုင်ငံမှာ အိုးပိုင်အိမ်ပိုင်နဲ့ ပညာသင်ကြားစေခဲ့သူဖြစ်ပါတယ်၊
ဥိးတင်မောင်ဟာ မန္တလေးသား မဟုတ်ပေမယ့် ငွေလုံးငွေရင်းနဲ့ မန္တလေးမှာ အခြေပြုပြီး မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ စီးပွားရေးတွေ လုပ်ကိုင်ခဲ့ပါတယ်၊ သူလုပ်တဲ့ လုပ်ငန်းတွေမှာ
လူသိထင်ရှား ရှိတဲ့ စတင်လုပ်ခဲ့တဲ့ လုပ်ငန်းတွေကတော့ နန်းတော်ဆေးရုံ၊ ဂရိတ်ဝေါဟိုတယ်၊ နယူးဂရိတ်ဝေါဟိုတယ်၊ဂရိတ်ဝေါ ပလာဇာနဲ့ ဂရိတ်ဝေါ ဆောက်လုပ်ရေး လုပ်ငန်းတွေပဲ ဖြစ်ပါတယ်၊
အဲဒီကနေ မန္တလေးမြို့တော်ဝန် ဗိုလ်မှုးချုပ်ရန်သိန်း၊ စစ်ကိုင်းတိုင်း(အဲဒီအချိန်က)တိုင်းမှူး ဗိုလ်ချုပ်သာအေးတို့ကို လိုင်းဝင် လိုင်းသွင်းပြီး စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ သကြားစက်ကို
ခေါင်းစဉ်တပ်ပြီး လယ်သမားတွေဆီက မြေတွေယာတွေကို ဈေးပေါပေါနဲ့ ရယူခဲ့ပါတယ်၊ ထီးချိုင့်မြို့ မောင်းကုန်းဘက်မှာဆိုရင် လယ်တစ်ဧကကို ငါးသောင်းကျပ်ပဲ ပေးခဲ့ပါတယ်၊ မရောင်းချင်တဲ့လယ်သမားတွေကို
ခင်ဗျားတို့ ငါးသောင်းယူမှာလား အလကားအသိမ်းခံမှာလားဆိုပြီး ဦးတင်မောင်ရဲ့ ကိုယ်စားလှယ်တွေက ခြိမ်းချောက်ဝယ်ယူခဲ့တာ ထီးချိုင့်က လယ်သမားတွေ သိကြပါတယ်၊အဲဒီလို ဈေးပေါပေါနဲ့ ၀ယ်သိမ်းသိမ်းခဲ့တဲ့
မြေတွေကို တရုတ်နိုင်ငံက စီးပွားရေးသမားတွေကို ဈေးကြီးကြီးနဲ့ပြန်ရောင်းပြီး သတ္တုတူးဖေါ်ရေးတွေ လုပ်ကိုင်စေခဲ့ပါတယ်၊ တရုတ်နိုင်ငံသားတွေလုပ်တဲ့ မောင်းကုန်းဘက်က ကြေးနီစက်ရုံဆိုရင် န၀တခေတ်မှာ
ဘယ်သူမှ စစ်ဆေးခွင့်မရှိဘဲ တရုတ်နိုင်ငံကို တိုက်ရိုက်ပို့တဲ့အထိ လုပ်ခဲ့ကြပါတယ်၊ ကြေးနီစက်ရုံမှာ မြန်မာ မ၀င်ရဆိုတဲ့ စာတမ်းကြီးချိတ်ဆွဲထားတဲ့အထိ မြန်မာလူထုကို စော်ကားခဲ့ကြပါတယ်၊ ဦတင်မောင်ရဲ့ ကုမ္ပဏီမှာ
ဗိုလ်ချုပ်သာအေးရဲ့သားကို ရှယ်ယာတွေ အခမဲ့ထည့်ပေးထားခဲ့ပြီး ဒီဘက်ခေတ်မှာ ရှယ်ယာဖိုးတွေကို ငွေအမ်းပြီး ထွက်လိုက်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်၊အဲဒါတွေဟာ အထောက်အထားမရှိလို့
မသေချာဘူးလို့ ပြောနိုင်ပေမယ့် လက်ညိုးထိုးပြလို့ရတဲ့ သက်သေကတော့ ဂရိတ်ဝေါကဆောက်တဲ့ မန္တလေးရတနာပုံဈေးနားက (၃)ထပ်တိုက်ပဲဖြစ်ပါတယ်၊ ဗိုလ်ချုပ်သာအေးအတွက် တိုက်(၁)လုံး၊ ဗိုလ်မှူးချုပ်ရန်သိန်းအတွက်
တိုက်(၁)လုံး ကပ်ရက် ရှိနေပါတယ်၊အဲဒီ(၃)ထပ်တိုက် တွေအတွက် ငွေ ပေးတယ်မပေးဘူး၊ ဗိုလ်ချုပ်သာအေးရဲ့ သားရှယ်ယာပါတယ် မပါဘူးဆိုတာ ကို သက်သေ မပြနိုင်ပေမယ့် တိုက်တွေပြီးစအချိန်
၂၀၀၆/၂၀၀၇ခုနှစ်လောက်မှာ ကသာမြို့နယ်နဲ့ ထီးချိုင့်မြို့နယ်တွေကို ဂရိတ်ဝေါသကြားစက်တစ်ခုထဲကိုပဲ ကြံရောင်းချရမယ်ဆိုတဲ့ ညွှန်ကြားစာကို (အဲဒီအချိန်)တိုင်းမှူးနဲ့ တိုင်းဥက္ကဌ ဖြစ်တဲ့ ဗိုလ်ချုပ်သာအေးက
မယက တွေကို စာထုတ်ခဲ့တာ အခုအချိန်အထိ သက်သေအဖြစ်ရှိနေပါတယ်၊အဲဒီအချိန် DVBကလည်း အဲဒီသတင်းကို ထုတ်လွှင်းခဲ့ဖူးပါတယ်၊ ဒီကနေ ဦးတင်မောင်ဟာ လယ်သမားတွေဆီကသာမက သစ်တောပိုင်မြေတွေကို
လျှောက်ယူခဲ့ပါတယ်၊ မြေတဧကကို တစ်နှစ်ကို ငွေ(၁၀၀)ကျပ်ပဲအခွန်ဆောင်ရပြီး အဲဒီမြေတွေထဲက သစ်တွေကို ခုတ်ချင်သလိုခုတ် ရောင်ချင်သလို ရောင်းခွင့်ရပြီး အမြတ်ငွေတွေ အများကြီးရခဲ့ပါတယ်၊ အခုအချိန် ဦးတင်မောင်ရဲ့
မြေပိုင်ဆိုင်မှုဟာ ဧက(၄)သိန်းလောက်ရှိနေပါတယ်၊ ဒီလိုနဲ့နောက်ဆုံး အဆက်အသွယ်တွေကနေတစ်ဆင့် ဦးသန်းရွှေကို ၀င်ပူးပြန်ပါတယ်၊ ဦးသန်းရွှေအတွက် ပဲခူးရိုးမမှာ ဧက(၃၀၀၀)ကျော်စိုက်ကွင်းတွေ လုပ်ပေးခဲ့ပါတယ်၊
အဲဒီလိုလုပ်ပေးတဲ့အတွက် ဥိးသန်းရွှေက ဦးတင်မောင် ယုံကြည်သွားပြီး “ဦးတင်မောင်လူတွေ တိုင်း တိုင်းမှာရှိရင် အဲဒီတိုင်းတွေ ချမ်းသာပြီ” လို့ ထုတ်ပြောတဲ့အထိ ဖြစ်လာပါတယ်၊ တကယ်တမ်းပြောရရင် တိုင်းက လူထုတွေချမ်းသာတာ မဟုတ်ပဲ
အာဏာပိုင်တွေပဲ ချမ်းသာတာဆိုတာကို အသိဥာဏ် မပြည့်မီတဲ့ ဦးသန်းရွှေ သိပုံ မရပါဘူး၊ ဒီနေရာမှာ လူထုတွေ အနိုင်ကျင့်ခံခဲ့ရတာတွေ ထုတ်ပြောပြချင်ပါသေးတယ်၊ ထီးချိုင့်ဇာတိသား ဆရာဦးချစ်ထွေးဆိုတဲ့ စာရေးဆရာ တစ်ယောက်ရှိပါတယ်၊
သူဟာ မဆလခေတ် နိုင်ငံရေးတက္ကသိုလ်မှာ ကထိက လုပ်ခဲ့ပြီး မဆလ မြောင်းထဲရောက်သွားချိန်မှာ ပြန်ဆက်တွေ ပေါ်လာပြီး ပြန်ဆက်ဦးစီးမှူး ၀င်လုပ်ခဲ့ပါတယ်၊ သူဟာ ဦးသာအေးနု့ တက္ကသိုလ်တက်ဖက် သူငယ်ချင်းလည်း ဖြစ်ပါတယ်၊
အမျိုးသားစာပေဆု (၆)ကြိမ်ရခဲ့ပါတယ်၊၂၀၀ရ/၂၀၀၈လောက်မှာ ကျောက်ဆည်မှာ ခရိုင်ပြန်ဆက်ဦးစီးမှူးလုပ်ရာကနေ သက်ပြည့်ပင်စင်ယူပြီး ဦးတင်မောင်နဲ့ အမျိုးတူ ကြံစိုက်ခြင်းကို လုပ်ပါတယ်၊နောက်(၁၀နှစ်လောက်မှာပဲ ဦးချစ်ထွေးပိုင်ဆိုင်သမျှ
တကောင်းမြို့က ဆယ်ချီတဲ့ မြေတွေရော ထီးချိုင့်က မြေတွေပါ ဦးတင်မောင်ပိုင် ဖြစ်သွားခဲ့ရုံမက ဆရာ ဦးချစ်ထွေးကိုလည်း အလွဲသုံးစာမှုနဲ့ ထောင်(၁နှစ်ခွဲ)ကျခံလိုက်ရပါတယ်၊ဦးချစ်ထွေး အလွဲသုံးစား လုပ်မလုပ်ဆိုတာ မသိပေမယ့် ဦးချစ်ထွေးဟာ
အခုအချိန်အထိ ထီးချိုင့်မြို့မှာပဲ ပင်စင်လည်းမရတော့ပဲ ငွေကြေးလည်း မပြည့်မစုံ ဖြစ်ပါတယ်၊ ဆရာဦးချစ်ထွေးရဲ့ ရိုးသားပုံနဲ့ သူ့ပိုင်ဆိုင်မှုတွေ ဦးတင်မောင်လက်ထဲေ၇ာက်သွားပုံကို ထီးချိုင့်မြို့ခံတွေအားလုံး သိကြပါတယ်၊
နောက်တစ်ခု ဦးတင်မောင်ရဲ့ လူယုံတွေ ဗိုလ်ကျလွန်းတာကိုလည်း ဒေသခံတွေ မျက်ရည်ခါးစီးခံနေရတာရှိပါတယ်၊ ဗိုလ်ကျလွန်းတာကို မခံနိုင်လွန်းလို့ ကျောက်ထုးံကြီးရွာက လယ်သမားတစ်ယောက် ဦးတင်မောင်ရဲ့လူယုံ (ယောက်ဖ)ကို
ဓါးနဲ့ မသေရုံတမယ်ခုတ်ပြီး ထွက်ပြေးသွားတာ အခုအထိ ပြေးနေဆဲပဲဖြစ်ပါတယ်၊ ဦးတင်မောင်ရဲ့ စီးပွားရေးဗိုလ်ကျပုံတွေ အများကြီးထဲက တစ်ခုကို ထပ် မီးမောင်းထိုးပြရရင် စစ်ကိုင်းတိုင်းဒေသကြီးထဲက ရေနံစိမ်းတွင်းတွေ ကိစ္စပါ၊
ရေးနံတွင်းက ထွက်သမျှကို ဗိုလ်ချုပ်သာအေးအမိန့်နဲ့ ဦးတင်မောင်ကိုပဲ ရောင်းကြရပါတယ်၊ သူကလွဲပြီး အခြားကို မရောင်းရတဲ့ အတွက် ဈေးနှိမ်ပြီး ၀ယ်ခဲ့ပါတယ်၊ အဲဒီရေနံစိမ်းတွေကို ဖြစ်သလိုချက်ပြီး သူဆီကယန္တယားငှားတဲ့ ကြံစိုက်တောင်သူ
တွေကို ရေနံစိမ်းချက်ပြီး လောင်စာဆီ တစ်ပေပါကို (၂၄၀၀၀၀)နဲ့ မ၀ယ်မနေရ ရောင်းပြန်ပါတယ်၊ တောင်သူတွေအနေနဲ့ အဲဒီလောင်စာဆီတွေ သုံးမရလို့ တစ်ပေပါ(၁၉၀၀၀၀)နဲ့ အရှုံးခံပြီးရောင်းကြရပါတယ်၊ ဒေသတစ်ခုလုံး ဦးတင်မောင်ကို ဖိန့်ဖိန့်တုန်အောင်
ကြောက်ကြရပါတယ်၊ ကြောက်မယ်ဆိုလည်း ကြောက်စရာပါ၊ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီးစောလှမောင်၊ မန္တလေးတိုင်းဒေသကြီး တိုင်းတပ်ဖွဲ့မှူးရဲမှူးကြီး လှမျိုး၊ စစ်ကိုင်းတိုင်းဒေသကြီး ထွေအုပ်တိုင်းမင်းကြီးဦးဇော်ဝင်းတို့လိုလူမျိုးတွေ
ပင်စင်ယူပြီးတာနဲ့ သူ့ဆီမှာ လစာ(၃)သိန်းကနေ(၁၀)သိန်းအထိပေးပြီး အလုပ်ခေါ်ပေးထားလိုက်ပါတယ်၊ အဲဒါအပြင် တိုင်းတရားသူကြီးတွေ ပင်စင်ယူပြီးတာနဲ့ သူ့ဆီမှာ အကြံပေးဆိုပြီး ခေါ်ခန့်ထားလိုက်တဲ့အတွက် အခြားဝန်ထမ်းတွေ တုတ်တုတ်မှ
မလှုပ်ရဲကြတော့ပါဘူး၊ အဲဒါအပြင် (မကြိုက်ချင်လည်းနေကြ၊သမ္မတကြီး သိအောင်တော့ ရေးပြပါဦးမယ်) ထီးချိုင့် ကိုးတဲရွာနဲ့ တုံလုံရွာကြားမှာ ကြံစိုက်ကွင်းတွေ တစ်မျှော်တခေါ်ကြီးရှိပါတယ်၊ အဲဒီစိုက်ခင်းတွေကို ဒေသခံတွေက
ရဲချုပ်ကွင်းလို့ ခေါ်ကြပါတယ်၊ လက်ရှိရဲချုပ်ကြီးအတွက် ဦးတင်မောင်က စိုက်ပေးထားတဲ့ ကွင်းဆိုတာ ကလေးကအစ သိကြပါတယ်၊အဲဒါတွေကြောင့် ထီးချိုင့်ရဲစခန်းနဲ့ တရားရုံးကို (ဒေသခံလူထုတွေကို မေးကြည့်လို့ ရပါတယ်)ဦးတင်မောင်ရုံးလို့
ပြောကြပါတယ်၊နောက်ထပ်ပြောရရင် ဦးတင်မောင်ရဲက သစ်ပါးလွှာစက်ရုံကို ပို့တဲ့ သစ်တွေ အကြောင်းပါ၊ဦးတင်မောင်ဟာ ကျွန်းစိုက်ခင်း စိုက်မယ်ဆိုတအကြောင်းပြပြီး စိုက်ကွက်တွေ အများကြီး ယူထားပါတယ်၊
(ကသာမြို့နယ်တစ်ခုထဲမှာ ဧက(၃၀၀၀၀)ကျော်ရှိပါတယ်၊ )အဲဒီ ထဲက ကျွန်းတွေကို ပင်ထောင်တံဆိပ်မရိုက်ဘဲ ခုတ်လေ့ရှိပါတယ်၊ ပြီးရင် သူ့သစ်ပါးလွှာစက်ထဲပို့ပါတယ်၊ ဒေသခံတွေ မကျေနပ်လို့ ဖမ်းခိုင်းပေမယ့် တရားရုံးရောက်တာနဲ့
လွှတ်ကုန်လေ့လည်း ရှိပါတယ်၊ ထီးချိုင့်နယ်မှာ မိတဲ့ ပင်ထောင်တံဆိပ်မရိုက်ထားလို့ သစ်တောက(တိုင်တဲ့သူရှိလို့) ဖမ်းလိုက်ရတဲ့ သစ်လုံးတွေ သောင်းဂဏန်းအထက်မှာ ရှိပါတယ်၊ ဒါကိုလည်း ထီးချိုင့်မှာ တာဝန်ကျသွားဖူးတဲ့(စစ်ကိုင်းတိုင်းဒေသကြီးနဲ့
လွှတ်ကင်းရာရောက်သွားတဲ့) သစ်တော အရာရှိတွေကို မေးမြန်းလို့ ရပါတယ်၊ အဲဒီလောက်သြဇာလွှမ်းပြီး လူထုတွေ အနေနဲ့ မဟုတ်တာတွေလုပ်မှန်းသိနေတဲ့ ဦးတင်မောင်လို လူမျိုးကို သမ္မတကြီးက အမျိုးသားအကျိုးစီးပွား စွမ်းဆောင်ရှင်ပေးတယ်ဆိုတော့
လူထုတွေ သမ္မတကြီးအပေါ် စစ်ကိုင်းတိုင်းဒေသကြီးက လူထုတွေ အယုံအကြည်မဲ့သွားတာဟာ မဆန်းလှဘူးလို့ပဲ ပြောလိုက်ပါရစေတော့ သမ္မတကြီးရယ်.။(ဟာဂျူလီ-ကသာ)

Share on Facebook

by herjulekatha
View 70 times
Posted Date April 21, 2017, 10:36 am
Modified Date April 21, 2017, 10:36 am


Term and Conditions
Contact Us

© 2017 herjulekatha.com
All rights reserved